Link များသည် အင်တာနက်တစ်ခုလုံး၏ အသက်သွေးကြော ဖြစ်သည်။ အင်တာနက် စာမျက်နှာများ ရေးသား တည်ဆောက်ကြသည့်အခါ တစ်နေရာမှ တစ်နေရာ၊ အကြောင်းအရာ တစ်ခုမှ တစ်ခုသို့ ချိတ်ဆက်နိုင်ရန် အတွက် Link များ သုံးကြရသည်။ အပျော်တမ်း Blogger တစ်ဦး ဖြစ်စေ၊ Professional Webmaster တစ်ယောက် ဖြစ်စေ Link များကို မှန်ကန်ထိရောက်စွာ အသုံးပြုတတ်ရန် အရေးကြီးပါသည်။ ဤဆောင်းပါးတွင် Web Page တစ်ခုအတွင်း ပါ၀င်နိုင်သည့် Link အမျိုးအစားများ၊ Google Webmaster Guidelines များအရ ဆောင်ရန် ရှောင်ရန် အချက်များကို ဝေမျှသွားပါမည်။
အင်တာနက် စာမျက်နှာတစ်ခု၏ နေရာတစ်ခုမှ အခြားနေရာတစ်ခုသို့ ဖြစ်စေ၊ အခြားစာမျက်နှာတစ်ခုသို့ ဖြစ်စေ၊ အခြား Website တစ်ခုသို့ ဖြစ်စေ သွားရောက်နိုင်ရန် အတွက် တစ်နည်းနည်းဖြင့် ချိတ်ဆက်ပေးထားလျှင် ၄င်းကို Link ဟု ခေါ်နိုင်သည်။
Link အမျိုးအစား နှစ်မျိုး ရှိသည်။ စာသီးသန့်ကို အသုံးပြုသည့် Text Link နှင့် Image ကို အသုံးပြုသည့် Image Link တို့ ဖြစ်သည်။ HTML တွင် Text Link တစ်ခုကို အောက်ပါ အတိုင်း
<a href="http://examplelink.com/link-name.html">Example Link</a>
ဟု ရေးသားသည်။ အကယ်၍ Example Link နေရာတွင် ရုပ်ပုံတစ်ခုကို ထည့်သွင်းလိုက်ပါက Image Link ဖြစ်သွားသည်။ ဥပမာ -
<a href="http://examplelink.com/link-name.html"> <img src="../image/location/image-link.jpg" width="50" height="20"
alt="Example Image Link" /></a>
သည် Image Link တစ်ခု ဖြစ်သည်။ Image Link များမှာ Text Link များထက်ပို၍ ဆွဲဆောင်မှု ရှိသော်လည်း မဖြစ်မနေ လိုအပ်မှသာ အသုံးပြုသင့်ပါသည်။
အင်တာနက်အတွင်းရှိ Link များတွင်လည်း တန်ဘိုးများ ရှိသည်။ ဥပမာအားဖြင့် ဆောင်းပါးတစ်ပုဒ်၊ အကြောင်းအရာတစ်ခုကို ရေးသားပြီးဆုံးချိန်တွင် ထိုဆောင်းပါးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဆက်လက်လေ့လာနိုင်သည့် နေရာများကို ဖော်ပြထားသည့် Link များကို အဖိုးတန် Link များဟု ဆိုနိုင်သည်။ စာဖတ်သူ အနေဖြင့် နောက်ထပ် အကြောင်းအရာများစွာကို အလွယ်တကူ သွားရောက် ဖတ်ရှုနိုင်၍ ဖြစ်သည်။ ထို Link များမှာ သက်ဆိုင်ရာ ဝက်ဘ်ဆိုက် အတွင်းရှိ အခြား ဆက်စပ်ခေါင်းစဉ်များ ဖြစ်နိုင်သလို၊ အခြားဝက်ဘ်ဆိုက်များမှလည်း ဖြစ်နိုင်သည်။ ဤသို့သော Link များမှာ စာဖတ်သူများ အတွက် များစွာ အကျိုးဖြစ် ထွန်းစေပါသည်။
ထို့ပြင် Search Engine များအနေဖြင့်လည်း လက်ရှိ Crawl လုပ်နေသည့် အကြောင်းအရာများနှင့် ဆက်စပ်မှု ရှိသည့် အခြားသော Internet Address များကို ရရှိသည့်အတွက် ထိုနေရာများနှင့် မိမိ၏ စာပါ အကြောင်းအရာများကို တူညီသော အုပ်စုတစ်ခုတည်းတွင် ထည့်သွင်းသတ်မှတ်ခြင်း ပြုနိုင်သည်။ ဤနည်းအားဖြင့် Search Engine များ၏ Search Results များတွင် မိမိ၏ ဝက်ဘ်ဆိုက်ပါ အကြောင်းအရာများကို ပြန်လည် ဖော်ပြပေးနိုင်သည့် ရာခိုင်နှုံး ပိုများလာမည်။ တနည်းအားဖြင့် မိမိ ဝက်ဘ်ဆိုက်၏ Page Rank တက်လာမည် ဖြစ်သည်။
အင်တာနက်တွင် အချို့သော Website များမှာ အချင်းချင်း အပြန်အလှန် Link များ ချိတ်ဆက်ထားကြသည်။ ထိုချိတ်ဆက်မှုများမှာ အရေအတွက်နည်းပါက များစွာ ပြဿနာ မရှိသော်လည်း ရာဂဏန်းမျှရှိသည့် Link ချိတ်ဆက်မှုများ အပြန်အလှန်ရှိနေပါက၊ ထို့ပြင် ပါရှိနေသည့် အကြောင်းအရာများမှာလည်း User များအတွက် များစွာ အကျိုးမရှိသည့် အချက်အလက်များ ဖြစ်နေပါက ထိုသို့သော Website အစုအဝေးတစ်ခုလုံးကို Link Farm ဟု သတ်မှတ်ကြသည်။ Search Engine များအနေဖြင့် ထိုသို့သော Link Farm များကို Spam များအဖြစ် သတ်မှတ်လေ့ ရှိကြသည်။ ထို့ကြောင့် ဝက်ဘ်ဆိုက်များ အချင်းချင်း Link ပေါင်းများစွာ အပြန်အလှန် ချိတ်ဆက်ခြင်းများကို အထူးသတိပြု လုပ်ဆောင်သင့်ပါသည်။ Link Farm များအကြောင်း ကို Wikipedia တွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။
ပုံမှန်အားဖြင့် အင်တာနက်စာမျက်နှာတစ်ခုတွင် Link အရေအတွက် မည်မျှပါရှိရမည်ကို အတိအကျ သတ်မှတ်ချက် မရှိပါ။ Google Webmaster Guideline များတွင် အင်တာနက် စာမျက်နှာ တစ်ခုတွင် ပါရှိသင့်သည့် Link အရေအတွက်ကို Keep the links on a given page to a reasonable number ဟုသာ အကြမ်းဖျင်း ဖော်ပြထားသည်။ သို့သော် Site Map Guidelines များတွင် ပါရှိသည့် လမ်းညွှန်ချက်များအရ အင်တာနက် စာမျက်နှာတစ်ခုတွင် Link အရေအတွက် အများဆုံး ၁၀၀ အထိသာ ပါ၀င်သင့်ပြီး၊ ၁၀၀ ထက်ပိုများပါက နောက်ထပ် စာမျက်နှာတစ်ခုဖြင့် ဆက်လက်ဖော်ပြသင့်သည်ဟု တိုက်တွန်းထားသည်။ ထို့ကြောင့် စာမျက်နှာတစ်ခုတွင် Link အရေအတွက် ၁၀၀ ထက်ပိုမများသင့်ဟု ယူဆနိုင်သည်။
Website တစ်ခုအတွင်းရှိ Link များသည် ထိုဝက်ဘ်ဆိုက်နှင့် သက်ဆိုင်နေသည့် Webmaster, Website Owner, Users, Visitors များနှင့် Search Engine များအတွက် အထူးပင် အရေးကြီးပါသည်။ ထို့ကြောင့် Blogger, Web Developer, Webmaster များအနေဖြင့် မိမိတို့ တည်ဆောက်နေသည့် Blog များ၊ ဝက်ဘ်ဆိုက်များ အတွင်း Link များထည့်သွင်းသည့် အခါ Link Farm, Spam Link များ မဖြစ်စေရန် ရှောင်ကျဉ်ပြီး၊ အားလုံးအတွက် တန်ဘိုးရှိသော Valuable Link များဖြစ်စေရန် အထူးသတိပြု ထည့်သွင်းသင့်ကြောင်း အကြံပြု ဝေမျှလိုက်ပါသည်။
References & More Information
Google Webmaster Guidelines
Link Farms from Wikipedia
Add new comment