Web Professional တစ်ယောက်အနေနဲ့ Client အမျိုးမျိုးရဲ့ ထူးဆန်းတဲ့ လိုလားချက်တွေကို ဖြေရှင်းနေကြရစမြဲပါ။ Freelance web developer တစ်ယောက်ပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီ တစ်ခုရဲ့ Full Time Developer တစ်ယောက် အနေနဲ့ပဲ ဖြစ်ဖြစ် တစ်နေ့မှာ မလွဲမသွေ ကြုံတွေ့ရမယ့် Client တွေရဲ့ တောင်းဆိုချက်တစ်ခုကတော့ သူတို့ရဲ့ ၀က်ဘ်ဆိုက်မှာ ပါတဲ့ အကြောင်းအရာ (Contents) တွေကို သူတို့ကိုယ်တိုင် အချိန်မရွေး ပြင်ဆင်နိုင်အောင် လုပ်ပေးပါ ဆိုတဲ့ တောင်းဆိုချက်မျိုး ဖြစ်ပါတယ်။ အဲဒီလို အခါမျိုးမှာ Web Content Management Systems (WCMS) တွေရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။
Content နဲ့ Web Content များအကြောင်းကို ကျွန်တော်တို့ သိရှိခဲ့ကြ ပြီးပါပြီ။ Web Content Management System (WCMS) ဆိုတာ ၀က်ဘ်ဆိုက်တစ်ခုမှာ ပါရှိတဲ့ Content တွေကို သာမန်လူတစ်ယောက် အနေနဲ့ အလွယ်တကူ ထိန်းချုပ်နိုင် ပြင်ဆင်နိုင်အောင် လုပ်ပေးထားတဲ့ ၀က်ဘ်ဆာဗာပေါ်မှာ အလုပ်လုပ်တဲ့ ဆောဖ့်၀ဲစနစ် တစ်ခုပါပဲ။ အသုံးပြုထားတဲ့ ပရိုဂရမ် ဘာသာစကား၊ အသုံးပြုနိုင်တဲ့ Server Environment၊ အထောက်အပံ့ပေးနေတဲ့ Developer Community, Company စတဲ့ အချက်အလက်များ ပြောင်းလဲသွားတဲ့အတွက် ထွက်ပေါ်လာတဲ့ Web CMS စနစ်တွေ အများကြီးရှိလာပေမယ့် အဓိက ရည်ရွယ်ချက်တွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ (ရှေ့ဆက်ရေးသွားမယ့် အကြောင်းအရာများမှာ ခေါ်ရလွယ်အောင် CMS လို့ပဲ သုံးသွားပါ့မယ်။)
Web Professional တစ်ယောက်က စနစ်တကျနဲ့ ကောင်းမွန်စွာ ဖန်တီးပြင်ဆင်ပေးထားတဲ့ (Systematically Installed & Configured) Web CMS တစ်ခုကို ကွန်ပျူတာနဲ့ အင်တာနက်ကို အသုံးပြုတတ်တဲ့ မည်သူမဆို အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖန်တီးထားတဲ့ စနစ်ရဲ့ ရိုးစင်းမှု၊ လွယ်ကူမှုနဲ့ ရှုပ်ထွေးမှု အပေါ်မူတည်ပြီး၊ ဒီစနစ်ကို အသုံးပြုပုံပြုနည်းနဲ့ ပါ၀င်တဲ့ လုပ်ဆောင်ချက်တွေကို သုံးစွဲသူတွေ သိရှိနားလည်ဖို့အတွက် End-user Training အထိုက်အလျောက် ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။ အဲဒီအတွက် သုံးတဲ့သူမှာ Web Development နဲ့ ပတ်သက်တဲ့ အတွေ့အကြုံ၊ ဒါမှမဟုတ် အသိပညာ ရှိဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် သိရှိနားလည်ထားရင်တော့ အကောင်းဆုံးပါပဲ။
သုံးစွဲသူ (End user) တစ်ယောက်အနေနဲ့ ကြည့်ရင် သူ့ရဲ့ ကုမ္ပဏီ ၀က်ဘ်ဆိုက် သို့မဟုတ် Blog သို့မဟုတ် အွန်လိုင်းဈေးဆိုင် (Online Shop) ဟာ သူ့ရဲ့ ဖောက်သည်တွေ၊ ၀က်ဘ်ဆိုက်ကို လာလည်တဲ့ သူတွေနဲ့ ဆက်သွယ်ဖို့ အတွက် နေရာတစ်ခု ဖြစ်ပါတယ်။ အဲဒီလို ဆက်သွယ်နိုင်ဖို့အတွက် သူ့ရဲ့ ၀က်ဘ်ဆိုက် အမျိုးအစား အပေါ်မူတည်ပြီး လာတဲ့သူတွေကို ဘယ်လိုအရာတွေ ပြန်ပေးလိုက်နိုင်မလဲဆိုတာ အရေးကြီးပါတယ်။
ကုမ္ပဏီ ၀က်ဘ်ဆိုက် တစ်ခုကို ကြည့်ရင် -
အစရှိတဲ့ ရည်ရွယ်ချက်များစွာနဲ့ တည်ဆောက်ထားကြတာ ဖြစ်ပါတယ်။ သူတို့ရဲ့ Content တွေဟာ မကြာခဏဆိုသလို ပြင်ဆင်ပြောင်းလဲနေဖို့ လိုအပ်တယ်ဆိုရင် CMS တွေကို အသုံးပြုကြရမှာပါ။
ဘလော့ခ် (Blog) ရေးတဲ့သူ (Blogger) တစ်ယောက် အတွက်တော့ သူ့ရဲ့ Content ဟာ ရှုပ်ထွေးမှု မရှိပါဘူး။ စာနဲ့ ရုပ်ပုံတွေ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ Blog post များဟာ သူ့အတွက် တစ်ခုတည်းသော Content ပါပဲ။ အရိုးစင်းဆုံး Blog Content တစ်ခုမှာ ခေါင်းစဉ်နဲ့ စာကိုယ် (Post Title & Body) ပဲ ပါရှိမှာပါ။ Blogger တစ်ယောက်ဟာလည်း သူ့ရဲ့ blog post တွေကို ကိုယ်တိုင် အချိန်မရွေး ရေးသားခြင်း၊ ပြင်ဆင်ခြင်း၊ ထုတေ်၀ခြင်း (Writing, Editing & Publishing Blog Posts) များ ပြုလုပ်နိုင်ဖို့အတွက် ဘလော့ရေးသားဖို့ အထူးပြုလုပ်ပေးထားတဲ့ Blogging CMS တွေကို အသုံးပြု ကြရမှာပါ။
အွန်လိုင်းစတိုးဆိုင် တစ်ခုအတွက်တော့ သူ့ရဲ့ Content တွေဟာ ရှုပ်ထွေးမှု ရှိလာပါပြီ။ ဈေးနှုံးအမျိုးမျိုးနဲ့ ရောင်းချနေတဲ့ ပစ္စည်းအမျိုးမျိုး ပါလာပြီ ဖြစ်ပါတယ်။ ဥပမာ - အွန်လိုင်းမှာ ဖိနပ်ရောင်းတဲ့ ဆိုင်တစ်ခု ဆိုကြပါစို့။ ဖိနပ်တွေဟာ အမျိုးအစား (Category) များစွာရှိနေမှာ ဖြစ်ပါတယ်။ ဖိနပ်တစ်ရံချင်းစီမှာ အရောင်၊ ဒီဇိုင်း၊ အရွယ်အစား၊ ဈေးနှုံး၊ အသုံးပြုထားတဲ့ ပစ္စည်း (Colors, Design, Sizes, Price, Material) တွေလည်း ရှိနေမှာပါ။
ဆိုင်တစ်ခုလုံး အနေနဲ့ဆိုရင် နေ့စဉ် အရောင်းအ၀ယ်စာရင်း၊ ကုန်အမှာ၊ ၀ယ်ယူထားတဲ့ ဖိနပ်တွေကို ၀ယ်သူတွေလက်ထဲ ရောက်အောင် ပေးပို့နေမှု အခြေအနေ၊ ၀ယ်သူများရဲ့ အချက်အလက်များ စတဲ့ Content အမျိုးအစားများစွာ ပါ၀င်လာပြီ ဖြစ်ပါတယ်။ တကယ်လို့ ဖိနပ်တစ်ခုတည်း သာမက လက်ကိုင်အိတ်တွေလည်း ရောင်းမယ်ဆိုရင် ပိုရှုပ်လာပါပြီ။ ဖိနပ်နဲ့ လက်ကိုင်အိတ်မှာ တူတဲ့ အချက်တွေ ရှိသလို မတူတာတွေလည်း ရှိတဲ့အတွက် ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အွန်လိုင်းမှာ ဈေးရောင်းနိုင်အောင် အထူးစီစဉ်ရေးသားထားတဲ့ WCMS သို့မဟုတ် Online Shopping Cart Software တွေကို သုံးကြရမှာပါ။
အများအားဖြင့် End User အများစုဟာ CMS စနစ်တွေအကြောင်းကို မသိကြပါဘူး။ သူတို့ တစ်ခုခု လုပ်ချင်တယ် ဆိုတာပဲ အကြမ်းဖျင်း သိကြပါတယ်။ ဥပမာ - စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်က သူ့ကုမ္ပဏီအတွက် ၀က်ဘ်ဆိုက် လိုချင်တယ်၊ ရုပ်ရှင် သရုပ်ဆောင် တစ်ယောက်က ကိုယ်ပိုင်ဆိုက်လေးနဲ့ ဘလော့လေးတစ်ခု လုပ်ချင်တယ်၊ စတိုးဆိုင်ရှင်တစ်ယောက်က အွန်လိုင်းကနေ ဈေးရောင်းချင်တယ်။ လိုအပ်ချက်တွေ အများကြီးကွဲနေပေမယ့် တူညီတာတစ်ခုကတော့ သူတို့ကိုယ်တိုင် လုပ်ချင်တယ်၊ ပြင်ဆင်ချင်တယ် ဆိုတာပါပဲ။ အဲလို အချိန်မှာ Web Professional များရဲ့ အခန်းဟာ အရေးပါလာပါပြီ။
Web Professional, Web Developer, Web Designer တစ်ယောက်အတွက်တော့ CMS တွေဆိုတာ Tool တွေပါပဲ။ Client တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်စေတဲ့ Software Tools တွေပါ။ Web Developer တစ်ယေက်ဟာ CMS တစ်ခုတည်းမှာပဲ ဖက်တွယ်ထားပြီး ဒါမှဒါ ဆိုတာမျိုး၊ ဘာပဲလာလာ ဒါပဲသုံးမယ် ဆိုတာမျိုး မလုပ်သင့်ပါဘူး။ ဒါပေမယ့် CMS တွေကလည်း ရာချီပြီး ရှိနေတဲ့အတွက် အားလုံးကို အသုံးပြုတတ်ဖို့ဆိုတာလည်း မလွယ်ပါဘူး။ အဲဒါကြောင့် ကိုယ့်အတွက် အသုံး၀င်မယ့် Flexible ဖြစ်တဲ့ CMS များကို ရှာဖွေလေ့လာပြီး အသုံးချတတ်အောင် လေ့လာထားဖို့ လိုပါလိမ့်မယ်။
ဥပမာ - ကုမ္ပဏီတစ်ခုရဲ့ သတင်းအချက်များကို ဖော်ပြပေးတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို သူတို့ကိုယ်တိုင်လည်း ပြင်ဆင်နိုင်အောင် WordPress ကိုသုံးပြီး လုပ်ပေးလိုက်လို့ ရပါတယ်။ ဒါပေမယ့် အဲဒီကုမ္ပဏီကပဲ သူတို့ဆိုက်မှာ ဈေးလည်းရောင်းမယ်။ ရောင်းချတဲ့ ပစ္စည်းတွေကလည်း အမျိုးအစား များပြား စုံလင် ရှုပ်ထွေးမယ်။ Member တွေနဲ့ ဖောက်သယ်တွေကို Newsletter လည်း လစဉ်ပို့ချင်တယ်။ သူတို့ရဲ့ ကုမ္ပဏီဆိုင်ရာ သတင်းအချက်အလက်များ ကိုလည်း ၀က်ဘ်ဆိုက်မှာ ဖော်ပြချင်သေးတယ် ဆိုရင် WordPress ကို ဆက်သုံးလို့ အဆင်ပြေမပြေ စဉ်းစားဖို့ လိုအပ်လာပါပြီ။ လိုအပ်တဲ့ Plugin တွေ ရှိမရှိ သိဖို့ လိုလာပါပြီ။ ဒီလို အခြေအနေမှာဆိုရင် အွန်လိုင်းမှာ ဈေးရောင်းဖို့ သီးသန့်ရည်ရွယ် ဖန်တီးတည်ဆောက်ထားပြီး၊ သတင်းအချက်အလက်များကို သီးခြားစာမျက်နှာများနဲ့ ဖော်ပြနိုင်ဖို့ နည်းလမ်းတွေပါတဲ့ PrestaShop လို၊ Magento လို ဆော့ဖ်၀ဲမျိုးကို အစားထိုး သုံးသင့်၊ မသုံးသင့် စဉ်းစားဖို့ လိုလာပါပြီ။
Web Developer တစ်ယောက်အနေနဲ့ ရေရှည် အသုံးပြုဖို့ CMS တစ်ခုကို စတင် ရွေးချယ်တော့မယ် ဆိုရင် အောက်ပါ အချက်များကို အခြေခံ လေ့လာသင့်ပါတယ်။
အစရှိတဲ့ အချက်အလက်များစွာကို အခြေခံပြီး ကိုယ်အဓိက အသုံးပြုမယ့် CMS တစ်ခုကို ပထမဆုံး ရွေးချယ်သင့်ပါတယ်။ အဲဒီလို ရွေးချယ်ပြီးတဲ့အခါ Local မှာပဲ ၀က်ဘ်ဆိုက်အမျိုးမျိုးကို စမ်းသပ် ဖန်တီး လေ့ကျင့် တည်ဆောက်ကြည့်ဖို့ လိုပါလိမ့်မယ်။ ပြီးတော့ တခြားသူတွေလုပ်ထားတဲ့ ဆိုက်တွေကိုလည်း လေ့လာကြည့် ရပါမယ်။ သူတို့တွေ ဘယ်လို လုပ်ထားတယ်ဆိုတာ ဆန်းစစ်ကြည့်ဖို့ လိုပါမယ်။
ဘယ်ဆော့ဖ်၀ဲဖြစ်ဖြစ် ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဘက်စုံသုံးဆိုတာ မရှိိပါဘူး။ အားလုံးမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီ ရှိနေတာပါ။ Web Developer တစ်ယောက် အနေနဲ့ ကြုံတွေ့လာတဲ့ Client များရဲ့ လုပ်ငန်းသဘာ၀နဲ့ လုပ်ငန်းလိုအပ်ချက်များ၊ ရှေ့ အနာဂါတ်မှာ ဖြစ်လာနိုင်တဲ့ အခြေအနေများကို အခြေခံပြီး အသင့်တော်ဆုံးဖြစ်စေနိုင်တဲ့ လမ်းတစ်ခုကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။
တကယ်လို့များ သင်ဟာ လုပ်ငန်းရှင်တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လို့ Developer မျိုးကို သင့်ရဲ့ ၀က်ဘ်ဆိုက်အတွက် ရှာဖွေမှာလဲ။ သင်ဟာ Web Professional တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင် ဘယ်လို CMS များကို ရွေးချယ် လေ့လာ လေ့ကျင့် အသုံးပြုမှာပါလဲ။ မိတ်ဆွေတို့ရဲ့ အတွေ့အကြုံများနဲ့ အကြံဥာဏ်များ ကိုလည်း သိချင် ရချင် ပါသေးတယ်။
(Web CMS အမျိုးအစားများ အကြောင်းကို ဆက်ပြီး လေ့လာ ဆွေးနွေး ကြပါဦးမယ်။)
Add new comment