ဝက်ဘ်ဆိုက် တည်ဆောက်ရန်အတွက် Google ၏ Webmaster Guideline များတွင် ဒုတိယမြောက် ဖော်ပြထားသည့် အချက်မှာ - အင်တာနက်စာမျက်နှာများကို ရှင်းလင်းသည့် အဆင့်လိုက် နေရာချမှုဖြင့် ဝက်ဘ်ဆိုက်ကို ဖွဲ့စည်းရန် (Make a site with a clear hierarchy) - ဖြစ်သည်။
ဂရိဘာသာစကားမှ ဆင်းသက်လာသည့် Hierarchy ၏ အဓိပ္ပါယ်မှာ - အရာ၀ထ္တုများ၊ အမည်များ၊ တန်ဘိုးများ၊ တူရာစုများ စသည်တို့ကို (Objects, Names, Values, Categories etc) စုစည်းနေရာချထားခြင်း - ဖြစ်သည်။ ထိုသို့ နေရာချထားရာတွင် သက်ဆိုင်သည့် အရာ၀တ္ထု၏ အထက် (Above)၊ အောက် (Below) နှင့် အဆင့်တူ (At the same level) များရှိ အခြားအရာများနှင့် ဆက်စပ် နေရာချထား ရသည်။ ဤသို့ အထက်အောက် အဆင့်တူ နေရာချထားရန်အတွက် ခွဲခြားမှုများ (Classifications) ကို သက်ဆိုင်ရာ အရာ၀တ္ထုများ၏ - အဆင့်၊ အရေးပါမှု၊ ဦးစားပေးမှု၊ အစွမ်းသတ္တိ သို့မဟုတ် လုပ်ပိုင်ခွင့် (Rank, Importance, Seniority, Power Status or Authority) များကို အခြေခံကာ ပြုလုပ်ကြရသည်။ အောက်တွင် Wikipedia ၏ Hierarchy အကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်မှ Organizational chart တစ်ခုရှိ Hierarchy ကို လေ့လာနိုင်သည်။

ဝက်ဘ်ဆိုက် တည်ဆောက်ရာတွင် ပါရှိသည့် စာမျက်နှာများ၏ အစီအစဉ်တကျ ဖွဲ့စည်းနေရာချထားမှု (Website Hierarchy) မှာ များစွာ အရေးပါသည့် အချက်ဖြစ်သည်။ ရှင်းလင်းစွာ တည်ဆောက်ထားသည့် ဝက်ဘ်ဆိုက်တစ်ခုကို လာရောက်အသုံးပြုသူများနှင့် ရှာဖွေရေးအင်ဂျင်များ (Website visitors & Search Engines) က လွယ်ကူစွာ အသုံးပြုနိုင်သည်။ အရေးကြီးသည့် အကြောင်းအရာ များကို လွယ်ကူစွာ တွေ့ရှိစေနိုင်သည်။ စနစ်တကျ ဖွဲ့စည်းထားသည့် တည်ဆောက်ပုံတစ်ခုကို အောက်တွင် လေ့လာနိုင်သည်။
ဝက်ဘ်ဆိုက်တစ်ခု၏ တည်ဆောက်ပုံမှာ စနစ်တကျမရှိသည့်အခါ လာရောက်လည်ပတ်သူများနှင့် ရှာဖွေရေးအင်ဂျင်များ အနေဖြင့် ထိုဝက်ဘ်ဆိုက် အပေါ်တွင် သဘောပေါက် နားလည်မှု လွဲမှားသွားတတ်သည်။ အောက်ပါပုံကို လေ့လာကြည့်ပါ။ အဓိက ဆိုလိုရင်း ဖြစ်သည့် “အင်ဂျင်စက်များ” အကြောင်းက ဒုတိယဦးစားပေး အဆင့်သို့ ရောက်ရှိသွားသည့် အတွက် ဝက်ဘ်ဆိုက်၏ အဓိက အကြောင်းရင်းမှာ “ရေနွေးငွေ့” အင်ဂျင်များအကြောင်း ဦးစားပေး တည်ဆောက်ထားသလို ဖြစ်သွားသည်။
ဝက်ဘ်ဆိုက်တစ်ခုကို မည်သူမဆို အလွယ်တကူ နားလည် အသုံးပြုနိုင်စေရန် ပါ၀င်သည့် အင်တာနက် စာမျက်နှာများကို စနစ်တကျ နေရာချထားနိုင်ခြင်းသည် Webmaster များအတွက် မရှိမဖြစ် လိုအပ်သည့် အရည်အချင်းတစ်ရပ် ဖြစ်ပေသည်။
REF
- http://www.google.com/support/webmasters/bin/answer.py?hl=en&answer=35769
- http://en.wikipedia.org/wiki/Hierarchy
Add new comment